သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် နောက်ဆုံးအပြီးသတ် အမိန့်ချတော့မယ်
လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ရဲ့ အယူခံကို ထိုင်းအစိုးရ ရှေ့နေတွေဘက်က ဖြေရှင်းချက်မပေးတော့လို့ အယူခံတရားရုံးက ဆုံးဖြတ်ချက်ချဖို့ အမိန့်ချလိုက်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးအဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ထိုင်းအစိုးရရှေ့နေတွေက တရားခံတွေရဲ့ရှေ့နေတွေတင်ပြထားတဲ့ နောက်ဆုံး အယူခံလျှောက်လဲချက်အပေါ်ဖြေရှင်းချက်ပေးဖို့ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က နောက်ဆုံးလျှောက်လဲချက် ပေးရမှာဖြစ်ပေမဲ့ လာရောက်မဖြေရှင်းခဲ့တာကြောင့် အယူခံတရားရုံးရဲ့လုပ်ထုံးလုပ်နည်းတွေအရ ၂၀၁၇ နှစ်ဆန်းပိုင်းမှာ အမိန့်ချတော့မှာ ဖြစ်ပါတယ်။
“တရားရုံးအနေနဲ့ လုပ်သင့်တာကို ဆက်လုပ်ပါမယ်လို့ အမိန့်ချလိုက်ပါပြီ။ တရားရုံးက တစ်ခုခုအမိန့်ချဖို့ လုပ်ပါလိမ့်မယ်။ အယူခံတရားရုံးက နောက်ဆုံး အမှတ် ၈ ရဲစခန်းကို စာပို့ပြီးပါပြီ။ ဟိုဘက်က ဖြေရှင်းချက်ပေးတာမပေးတာ သူတို့ရဲ့ အပိုင်းပါ၊ ဒီတော့ အယူခံတရားရုံး အနေနဲ့ ဖြေရှင်းချက်ပေးသည်ဖြစ်စေ။ မပေးသည်ဖြစ်စေ၊ သူတို့ရဲ့ တရားဥပဒေလုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြောပါတယ်။ အမိန့်ချဖို့ကိုဘဲ စောင့်နေရမှာပါ” လို့ ဦးအောင်မျိုးသန့် ပြောပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့က အစိုးရ ရှေ့နေဘက်မှ တရားခံနှစ်ဦးရဲ့အယူခံအပေါ် ဖြေရှင်းချက်မပေးတဲ့အတွက် အယူခံတရားရုံးက ထိုင်းတောင်ပိုင်း လိပ်ကျွန်းကနေ မူလတရားရုံးဖြစ်တဲ့ အမှတ် ၈ ကော့စမွီတရားရုံးကို စာပေးပို့ပြီး နောက်ထပ်ရက်သတ္တပတ် အချိန်ပေးခဲ့ပေမဲ့ လာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။
Source : Mizzima
Photos : BBC,Bangkok Post

No comments: