ကာချုပ်ကိုအသရေဖျက်မှုအတွက် တရားစွဲခံရတဲ့ ဦးမျိုးရန်နောင်သိန်း အာမခံပေးသင့်မပေးသင့် ဒီဇင်ဘာနောက်ဆုံးပတ် အမိန့်ချမည်

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေနဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအမှုကို အာမခံပေးသင့်မပေးသင့် ဒီဇင်ဘာ ၂၆ ရက်နေ့ အမိန့်ချမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ဒုတိယအပတ်က အနောက်ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး – ၃ တရားခွင်မှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၈၂/ ၂၀၁၆ နဲ့ ဦးမျိုးရန်နောင်သိန်းက သူ့အပေါ်စွပ်စွဲခံရတဲ့ ယခုအမှုနဲ့ပတ်သက်ပြီးအချုပ် လွတ်အာမခံနဲ့ နေထိုင်ခွင့်ပြုသင့်မပြုသင့်စာနဲ့ လျှောက်လဲချက်ပေးပါတယ်။ လျှောက်လဲချက်ပေါ်မူတည်ပြီးလာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ခရိုင်တရားရုံးက အမိန့်ချမှာဖြစ်ပါတယ်။
အောက်ရုံးဖြစ်တဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာတော့ ယခုဖြစ်စဉ်အမှုတွဲကို အထက်ရုံးဖြစ်တဲ့ခရိုင်ရုံးကတစ်စုံတစ်ရာဆုံးဖြတ်ပြီးမှ အမှုဆက်လက်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ရခိုင်အရေးနဲ့ ပတ်သက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေပျက်စေတယ်ဆိုတဲ့ စာသားများလူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ရေးသားချက်ကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကတာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ပြီးဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
Credit
– လူမွန်

No comments:

Powered by Blogger.