ကောလင်း ကျောက်ပုထိုးဒေသက အမေ့ခံ ဒေါ်ရွှေဗျိုင်း

မိဘတွေပေးထားတဲ့ နာမည်အရင်းက ဒေါ်ဗျိုင်း။ မြန်မာနိုင်ငံရဲ့အကြီးဆုံး ရွှေသတ္ထုကြာကြီးတစ်ခုကို စတင်တွေ့ရှိခဲ့လို့ သူတို့နယ်မှာတော့ ဒေါ်ရွှေဗျိုင်းလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒေါ်ရွှေဗျိုင်းက အသက် ၆၅ နှစ်ရှိပါပြီ။ သားသမီးက ငါးယောက်ရှိတယ်။ ကောလင်းမြို့နယ်ထဲက ဘန်ဘွေးကုန်းရွာမှာနေ တယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးရွှေသတ္ထုကြာကြီးကို ရှာဖွေတွေ့ရှိခဲ့ရပေမဲ့ အခုအချိန်မှာတော့ အမေ့ခံတစ်ယောက်အဖြစ်နဲ့ စားဝတ်နေရေး ကျပ်ကျပ်တည်းတည်း၊ မိုးမ လုံ၊ လေမလုံတဲ့ အိမ်လေးထဲမှာ အိမ်ထောင်သည် သမီးမိသားစုနဲ့ အတူနေထိုင်နေပါတယ်။
ဒေါ်ရွှေဗျိုင်းတို့ ငယ်ရွယ်စဉ် အိမ်အတွက် သောက်သုံးရေကိုအနီးနားမှာရှိတဲ့ ကျောက်ပုထိုး တောင်ပေါ်က နတ်ရေတွင်းကိုသွားပြီးခပ်ကြရတယ်။ နေ့စဉ်သွားရောက်နေ ကျဖြစ်ပေမဲ့ ဒေါ်ဗျိုင်းစိတ်ထဲမှာ မပြောင်းလဲတဲ့ခံစား ချက်တစ် ခုရှိနေတယ်။ အဲဒါက သည်နေရာမှာရွှေရှိတယ်ဆိုတဲ့ခံစားချက်ဖြစ်ပါတယ်။ တစ်နေ့ ဒေါ်ဗျိုင်း အသက်၂၈ နှစ်မှ ခင်ပွန်းဖြစ်သူကို ပြောပြတယ်။ သည်နေရာမှာရွှေရှိနိုင်တယ်။ တူးကြည့်ကြဖို့ ဒေါ်ရွှေဗျိုင်းပြောတဲ့နေရာကိုတူးပြီး အင်ဝိုင်းထဲကို ဗြုန်းနို့ဆီဘူးတစ်ဘူးစာလောက်ထည့်ပြီး လှည့် တဲ့အခါမှာတော့ တွေးထင်ထားသလိုပဲ ရွှေတစ်ခြမ်းနဲ့ ၁၂ စေ့လောက်ပါလာတယ်။
ဒေါ်ရွှေဗျိုင်းက ‘ရွှေကလဲ အဲဒီလိုအလွန်အလွန်အများအပြားကိုလဲမရဖူးဘူး၊အတွေ့အကြုံလဲမရှိဘူး၊ အိပ်မက်လဲမဟုတ်ဘဲ တွေ့လာတယ်ဆိုတော့ ငါ့ကိုဘုရားပေးတာပဲ၊ ဒီအတိုင်းအောင်မြင်သွားမယ်ဆိုရင် အလှူအတန်းပေးမယ်၊ အလှူအတန်းပေးနိုင်ပြီဆိုမှတော့ စားဝတ်နေရေးလဲပြေလည်ပြီလေလို့ ရွှေတွေစတွေ့ခဲ့တဲ့ အချိန်မှာဖြစ်ပေါ် လာခဲ့တဲ့ခံစားချက်ကိုပြောပါတယ်။
စိတ်ထဲမှာတွေးထင်တဲ့အတိုင်း၊ တွေးမိတဲ့နေရာမှာ ရွှေရှိတာသေချာသွားတော့ ရွာထဲကိုသွား၊ မျှော်စင်ငှားပြီး ရွှေရှာခဲ့ကြတယ်။ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုး၊ ရေခပ်ဖို့သာ တက်ကြတဲ့ကျောက်ပုထိုးတောင်ပေါ်က ရွှေထွက်တယ်ဆိုတာကိုရွာထဲကလူတွေလည်း ချက်ချင်းမယုံကြဘူး။ ရွှေရတာတကယ်ပဲဆိုတာ မျက်မြင်ဖြစ်လာကြတဲ့အချိန်မှာတော့ လူသတင်း လူချင်းဆောင်ဆိုသလိုပဲ ကျောက်ပုထိုးတောင်ပေါ်ကိုရွှေရှာဖို့ တခြားသူတွေလည်း ရောက်လာကြတယ်။ ဒေါ်ရွှေဗျိုင်းတို့လည်း ရွှေရှာနေရင်းခင်ပွန်းအပါအဝင် ကလေးတွေလည်း ကျန်းမာရေးမကောင်းဖြစ်လာတယ်။ ရှာလက်စရွှေတွင်းကို အစောင့်ငှားပြီးအိမ်ကိုပြန်ပြီးဆေးကုနားနေခဲ့ကြရတယ်။
‘ကျင်းစောင့်ကလဲ နေမကောင်းဘူးဆိုပြီး ပြန်သွားတယ်လေ၊ ပြန်ဆင်းတဲ့အချိန်မှာထားခဲ့တဲ့ ရွှေကြောကမရှိတော့ဘူးလို့  ဒေါ်ရွှေဗျိုင်းကပြောပါတယ်။
အမေ့ခံ
ကျောက်ပုထိုးတောင်ပေါ်မှာ ရွှေထွက်တယ်ဆိုတော့ လူတွေရောက်လာပြီးရွှေတူးကြတယ်။ ရွှေရှာကြတယ်။ ကျင်းပိပြီးသေတာတွေဖြစ်လာတယ်။ ရက်ပိုင်းအကြာမှာတော့ အစိုးရက အဲသည်နေရာကိုသိမ်းဆည်းခဲ့တယ်။ လုံ ခြုံရေး ထူထပ်စွာချထားခဲ့ပြီး မဝင်ရနေရာသတ်မှတ်ခဲ့သလိုရွှေထွက်ရှိရာကျောက်ပုထိုးတောင်နဲ့ ကပ်နေတဲ့ ဘန်ဘွေးကုန်းရွာလည်းနေရာသစ်ကို ပြောင်းရွှေ့ခဲ့ကြရတယ်။
‘အစိုးရကနေရာသိမ်းပြီးတော့  ရွှေရှာတယ်လေ၊ မရဘူး၊  အဲဒီတော့ဒေါ်ဗျိုင်းလာပြီးစမ်းသပ်ပြဆိုလို့ အင်ဝိုင်းလှည့်ပြတယ်၊ တွေ့တယ်၊ နောက်အားလုံးကို အရှာမခံတော့ဘူးလေလို့ ဒေါ်ရွှေဗျိုင်းကပြောတယ်။
မြန်မာနိုင်ငံမှာရွှေအများဆုံးထွက်ရှိရာ ကျောက်ပုထိုးတောင်ဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အရှေ့ဘက်၂၃ မိုင်အကွာ၊ ဧရာဝတီမြစ်  အနောက်ဘက် ၁၄ မိုင်အကွာမှာရှိတယ်။ အကျယ်အဝန်းဧရိယာက ၁၄၉၂.၃၉ ဧကရှိတယ်။ ရွှေကြောစတင်တွေ့ရှိခဲ့တဲ့ ၁၉၈၂ ခုနှစ်ဝန်းကျင်မှာပဲ ဩစတြေးလျားနိုင်ငံက ပညာရှင်တွေနဲ့ ယူဂိုဆလားဗီးယားနိုင်ငံ ပညာရှင်တွေက စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ အမှတ်(၂)သတ္ထုတွင်းလုပ်ငန်းက ၁၉၈၂ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ရှေ့ပြေးစက်ရုံတည်ဆောက်ခဲ့ပြီး တစ်ရက်ကိုတန် ၁၅၀ဝ ကြိတ်ဝါးနိုင်တဲ့ စက်ရုံကို ယူဂိုဆလားဗီးယားနိုင်ငံက ကုမ္မဏီတစ်ခုက တာဝန်ယူတည်ဆောက်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ စတင်စမ်းသပ်လည်ပတ်ခဲ့တယ်။၂၀ဝ၇ ခုနှစ် ဩဂုတ်လကစတင်ပြီး ထာဝရသတ္ထုတူးဖော်ထုတ်လုပ်ရေး ကုမ္မဏီနဲ့ အမှတ်(၂)သတ္ထုတွင်းလုပ်ငန်းတို့ထုတ်လုပ်မှုအပေါ်ခွဲဝမှုစနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့ကြတယ်။ ကုမ္မဏီအနေ နဲ့ နိုင်ငံတော်ကို တစ်လရွှေချိန် ၈.၁၅ ပိဿာပေးသွင်းပြီး အခုအချိန်အထိလုပ်ကိုင်နေဆဲဖြစ်တယ်။
ဒေါ်ရွှေဗျိုင်းက နိုင်ငံတော်လဲအကျိုးအမြတ်ရခဲ့တယ်၊ ကုမ္မဏီခေတ် ရောက်တော့လဲကုမ္မဏီလဲရခဲ့တယ်၊ နောက်တော့ ကုမ္မဏီမှာသန့်ရှင်းရေးအလုပ်လေးနှစ်လုပ်ခဲ့တယ်၊ ငါးနှစ်ထဲရောက်လို့ လစာ ၁၂၀,ဝ၀ဝ လဲရရောအသက် ၆၀ ကျော်လို့ မခန့်နိုင်တော့ဘူးဆိုပြီး အလုပ်ထုတ်ခံရတယ်၊ ငါးလပိုင်းကထုတ်ခံရတယ်၊ ပြန်ပြီးခန့်ထားပေးမယ်ဆိုရင် စားဝတ်နေရေးလဲနည်းနည်းပါးပါးတော့ပြေလည်မယ် အောက်မေ့မိတာပေါ့လို့ ပြောပါတယ်။
ရွှေအများကြီးထွက်တာကို ကိုယ်တိုင်သိလို့တူးဖော်ရှာဖွေခဲ့ပေမဲ့ ရေရှည်ရှာဖွေခွင့်မရတော့တဲ့အခါ အနီးအနားကတောတွေမှာအလားတူပုံစံမျိုးတွေ့ရလိမ့်နိုးနိုးနဲ့ရွှေရှာဖွေခဲ့တယ်။ အချိန်တွေသာကုန်လာခဲ့တယ်။ ရရှိတဲ့ရွှေက ထမင်းစားဖို့ ဆန်ဖိုးထက်ပိုမရခဲ့ဘူး။ ဝမ်းစာဖြည့်ဖို့ မှိုရှာ၊ မျှစ်ချိုး၊ သားငါးရှာဖွေရောင်းချပြီး ဘဝကိုရပ်တည်ခဲ့ရတယ်။ အသက် ၂၈နှစ် အရွယ်မှာ  ရွှေကြောစတင်တွေ့ရှိ ခဲ့တဲ့ ဒေါ်ဗျိုင်းက ဘဝကိုခက်ခဲစွာရုန်းကန်ခဲ့ရတဲ့ ပုံသဏ္ဍာန်နဲ့ရိုးသားမှုရှိတဲ့ မျက်နှာကတော့ မြင်တွေ့နေရပါတယ်။
ရွှေမတွေ့
လူတွေမြတ်နိုးစွာဝတ်ဆင်တန်ဖိုးထားကြတဲ့ ရတနာဖြစ်တဲ့ ရွှေသတ္ထုကြာကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သူ့ခန္ဓကိုယ်မှာရွှေဆိုလို့မူးလို့တောင်ရှူစရာမရှိပါဘူး။ ဘဝမှာနားတောင်းကလွဲပြီးတခြားလက်ဝတ်ရတနာပစ္စည်း မဝတ်ခဲ့ဖူးဘူးလို့ဆိုတယ်။ အညောင်းအကိုက်သက်သာတယ်လို့ယူဆပြီး ဘယ်ဘက်လက်လက်သူကြွယ်မှာတော့ ကြေးလက်စွပ်ကလေးဝတ်ထားတာတွေ့ရပါတယ်။
ဒေါ်ရွှေဗျိုင်းက ရွှေကြောကြီးတွေ့လို့ ဒေါ်ဗျိုင်းကိုနိုင်ငံတော်က တိုက်တစ်လုံး၊ကားတစ်စီးရန်ကုန်မှာပေးတယ်၊ ဒေါ်ဗျိုင်းက ရန်ကုန်မှာနေတယ်ပြောကြတယ်၊ လျှောက်ပြောကြတာပါ၊ ဘာအခွင့် အရေးမှမရခဲ့ဘူး၊ ရန်ကုန်မပြောနဲ့ မန္တလေးတောင်မရောက်ဖူးဘူး၊ အခုဆိုရင်ဘူးခွံ၊ တောင်းခွဲတွေကောက်ပြီးရောင်းစားနေရတယ်၊ စားဖို့သောက်ဖို့တောင်အနိုင်နိုင် ဖြစ်နေတယ်၊ ရွာလဲခံစားခွင့်မရှိဘူး၊ လူလဲခံစားခွင့်မရှိဘူး၊ ကျွန်မသာ ရှာမတွေ့ခဲ့ရင် ဒီနေရာမှာ ဒီလိုကုမ္မဏီတွေလဲဖြစ်လာဖို့ မရှိဘူး၊ တစ်ခါတလေတော့ စိတ်ဆိုးဝမ်းနည်းဖြစ်မိတယ်၊ ချွေးမနှစ်ယောက်နဲ့ သမီးတစ်ယောက်ကို ကုမ္မဏီမှာ ခန့်ထားတယ်၊ သက်သောင့်သက်သာနေရာလေးတွေမှာ ထားစေချင်တယ်၊ ပန်းရန်လုပ်ခိုင်းတယ်ဆိုတာ နေပူမရှောင်၊ မိုးရွာမရှောင်လုပ်ရတာလေ၊ အိမ်ကိုလဲ အမိုးအကာလုံလုံလေးနဲ့နေချင်တယ်၊ စားဝတ်နေရေးပြေလည်ချင်တယ်လို့ ရင်ဖွင့်တယ်။
ကျောက်ပုထိုးရွှေတွင်းကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္မဏီအနေနဲ့ ရွှေကြောကိုပထမဆုံးတွေ့ရှိခဲ့တဲ့ ဒေါ်ရွှေဗျိုင်းကို တစ်လကို ကျပ် ၅၀,ဝ၀ဝ ထောက်ပံ့ပေးထားပြီး အခမဲ့ဆေးကုသခွင့်ပေးထားတယ်လို့ အဲသည်ကုမ္မဏီက သိရပါ တယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးရွှေထွက်ရှိရာနေရာကို ပထမဆုံးတွေ့ရှိခဲ့ရသူဖြစ်ပေမဲ့ အခုအချိန်မှာအခက်အခဲများစွာနဲ့ ရုန်းကန်နေရတဲ့ ဒေါ်ရွှေဗျိုင်းက ရွှေရှာဖို့ စိတ်ကူးရှိပေမဲ့မသွားနိုင်တော့ဘူး၊ ဒူးတွေကနာလာပြီလေလို့ ခပ်ဝေးဝေးက တောင်တန်းကြီးကိုငေးကြည့်ရင်းတိုးတိုးလေးပြောပါတယ်။
Author – ခေမဏီ

No comments:

Powered by Blogger.