ကချင်ပြည်နယ်ဆော့လော်မြို့မှာ ဆန်ဈေးကြီးလို့ သစ်ဥ၊ သစ်ဖုတွေကို စားသုံးနေရ
ဆန်တစ်အိတ်ကို ငါးသောင်းလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ဆော့လော်မြို့နယ်မှာ ဆန်တစ်အိတ်ကို ကျပ်ငါးသောင်းကျော်နှုန်း ရှိနေလို့ ငွေကြေးချို့တဲ့သူတွေက သစ်ဥ၊ သစ်ဖုတွေကိုပဲ စားသုံးနေရတယ်လို့ ဆော့လော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ဒီဇင်ဘာလ ၂၀ ရက်ကပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ချီဖွေဆော့လော်လမ်းဟောင်း (ဇနောင်ယန်ဖလဆော့လော်) လမ်း ၃၄ မိုင်လမ်းပိုင်းက ၂ဝ၁၂ ခုနှစ်ကစပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေ ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေလို့ အမြန်ဆုံးဖွင့်လှစ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပြီးမှာ ဦးလာမာလေးက မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
“မြစ်ကြီးနား၊ ချီဖွေတို့ကနေ ဆန်ဝယ်စားမယ်ဆိုရင် ဆော့လော်မြို့နယ်အရောက် သယ်ယူစရိတ်အပါအဝင် ဆန်တစ်အိတ်ကို ငါးသောင်းကျော်ပေး ဝယ်စားနေရတယ်၊ ဆင်းရဲသား ပြည်သူတွေဟာ အခုဆိုရင်သေမထူး နေမထူး ဘဝကိုရောက်နေပါတယ်။ အခုဆိုရင်သစ်ဥ၊ သစ်ဖုတွေသာ စားသုံးနေရတယ်”လို့ ဦးလာမာလေးက ပြောခဲ့ပါတယ်။
၃၄ မိုင်ရှည်တဲ့ ကားလမ်းက ၂ဝ၁၂ ခုနှစ်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ပိတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကားလမ်းမဟုတ်တဲ့ တောင်တက်တောင်ဆင်း အကွေ့အကောက်များပြီး ၇၅ မိုင်ရှည်လျားတဲ့ ချီဖွေ လန်းယန်(တောင်သုံးလုံး၊ စုစည်းလမ်း)ကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
“ဆိုင်ကယ်ကယ်ရီခကလည်း တစ်သောင်းခွဲ၊ ကားအော်ဒါ ငှားမယ်ဆိုရင်ခုနစ်သိန်းကနေ ရှစ်သိန်းအထိပေးနေရတယ်။ ကုန်ကျစရိတ်က လမ်းဟောင်းထက်နှစ်ဆ သုံးဆလောက်ပိုပေးနေရတယ်”လို့ ဦးလာမာလေးက ပြောပါတယ်။
Source : 7DayDaily
Photos : Maung Maung Facebook


No comments: